“မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်အတွက်ပြုပြင်ပြောင်းလဲရေးမူကြမ်း”
နိဒါန်း
၁။ မွေး/ဆေးတက္ကသိုလ်သည် မွေးကုဆရာဝန်များ မွေးထုတ်ရာနေရာ ဖြစ်၍
ခေတ်စနစ်အရ လည်းကောင်း၊ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း၏လမ်းညွှန်ချက်အရလည်းကောင်း မွေးမြူဆေးကု
လောက တိုးတက်ရေးအတွက်
ဦးစွာပြောင်လဲသင့်သော တက္ကသီလာ ဖြစ်ပါသည်။ ယခုစာတမ်း မူကြမ်းသည် မွေး/ရေဝန်ကြီးနှင့်
ဌာနဆိုင်ရာအကြီးအကဲများ မသိမမြင်သည်ကိုလည်းကောင်း၊ သိမြင်သော်လည်း မခံစားနားမလည်မိသည်ကို လည်းကောင်း၊
ပြုပြင်ပြောင်းလဲရန် ခက်ခဲနေသည် များကို ပြောင်းလဲနိုင်မည့် ဝန်ထမ်းအချို့၏
ခံစားချက်ကို လည်းကောင်း တစ်စိတ် တစ်ဒေသ တင်ပြခြင်းဖြစ်ည်။
နိုင်ငံတိုးတက်ရေးအတွက် အဘက်ဘက်မှ ပူးပေါင်းပါဝင်နိုင်ရန် အုတ်တစ်ချပ် သဲတစ်ပွင့်
လမ်းစဖြစ်လျှင် အရဲစွန့် တင်ပြရကျိုးနပ်ပြီဖြစ်၍ လိုအပ်သော အချက်များကို အကြံပြု ဆွေးနွေး
ပံ့ပိုးပေးနိုင်ပါရန် တင်ပြအပ်ပါသည်။
ရည်ရွယ်ချက်
၂။ (က) မွေးကုဆရာဝန်များ၏
အခန်းကဏ္ဍကို ပေါ်လွင်ထင်ရှားစေလိုပြီး၊ နိုင်ငံအတွက်လိုအပ်သော အာဟာရ၊ ရိက္ခာထုတ်လုပ်မှုနှင့်
ပြည်သူ့ကျန်းမာရေးကဏ္ဍများတွင် အရေးကြီးမှုကို သိရှိစေ လိုပါသည်။
(ခ) အရည်အချင်းပြည်မီသော မွေးကုဆရာဝန်များ၏ အားကို နိုင်ငံတော်၏ အတတ်ပညာရှင်
ကဏ္ဍတွင် အသုံးချနိုင်ရန် နှင့်လေလွင့်ဆုံးရှုံးမှု လျော့နည်းစေရန် ဖြစ်ပါသည်။
(ဂ) တက္ကသိုလ်မှ ကျောင်းဆင်းပညာတတ်များအတွက် တိကျသောအနာဂါတ်နှင့် လုံလောက်သော
ဆရာဝန်နှင့်ညီမျှသောလစာ ဝင်ငွေဖြင့် မွေးမြူဆေးကုလောကတွင် တိုင်းပြည်အကျိုး ထမ်းရွက်
စေလိုပါသည်။
မွေး/ဆေးတက္ကသိုလ်အတွင်း
ပြောင်းလဲသင့်သည့် အချက်များ
၃။ (က) ကျောင်းသားရေးရာ
(၁) မွေး/ဆေးတက္ကသိုလ်ဝင်ခွင့်
(၂) သင်ကြားမှု/သင်ယူမှုပုံစံများ
(၃) အကဲဖြတ်စာမေးပွဲစနစ်များ
(၄) လက်တွေ့ပိုင်းပံ့ပိုးစနစ်များ
(ခ) ဝန်ထမ်းရေးရာ (ဆရာ/ဆရာမအပိုင်း)
(၁) သုတေသနနှင့်
စာတမ်းကြီးကြပ်မှု
(၂) အကဲဖြတ်ရာထူးတိုး၊ ခံစားခွင့်ပံ့ပိုးမှု
(၃) သင်ကြားမှုစနစ်များ
(၄) ရာထူးလုယူ၊ ပိတ်ပင်ထားမှုများ ဖယ်ရှားခြင်း
(က) ကျောင်းသားရေးရာ
တိရစ္ဆာန်ဆေးပညာသည် လူသားများအားကုသပေးသော ဆေးပညာ၊ သွားဘက်ဆိုင်ရာ ဆေးပညာများ
နှင့်မခြား ခက်ခဲသည့် ဆေးပညာဖြစ်ပါသည်။ ထို့ပြင် စားနပ် ရိက္ခာထုတ်လုပ်ရာတွင်
ဘေးကင်းလုံခြုံမှုနှင့်အတူ မွေးမြူထုတ်လုပ်မှုပညာပါ ပူးတွဲသင်ကြား ပေးလျှက်
ရှိသည်ကို မည်သူသည် မျက်စိပိတ် ငြင်းနိုင်ပါမည်နည်း။
ကျန်းမာရေးဝန်ကြီးဌာနမှ ဆေးတက္ကသိုလ်များ၊ ဆေးဘက်ဆိုင်ရာဆက်နွယ် တက္ကသိုလ်များ
ဝင်ခွင့်သတ်မှတ်ရာတွင် အမှတ်အမြင့်ဆုံးအဆင့်ဖြင့် ကန့်သတ်ချက်ထားခြင်းသည်
ပညာရှင်များ၏ တန်ဖိုးကို ထိန်းသိမ်းခြင်းပင်ဖြစ်ပါသည်။ ယခုနှစ်တွင်ပင်
အလုပ်ခန့်ထားနိုင်မှုနှင့် သုံးသပ်၍ ဆေးတက္ကသိုလ်(၄)ခုပေါင်းဝင်ခွင့်ကို
ကျောင်းသားဦးရေ ၁၂၀၀ အထိသာ (ထက်ဝက်ခန့်အထိ) လျော့ချခေါ်ယူမည် ဖြစ်ကြောင်း
သတင်းများ ထွက်ပေါ် နေပါသည်။ ထိုကဲ့သို့သော တန်ဖိုးထားမှုကို မွေးမြူဆေးကု
ပညာရှင်များနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များက
ထိန်းသင့်/မထိန်းသင့်ကို စဉ်းစားဆင်ခြင် အတုယူ သင့်ပါသည်။
သို့သော် ခေတ်ကာလနှင့်အခြေအနေ အမျိုးမျိုးတို့ကြောင့် ၂၀၀၇-၂၀၀၈
ပညာသင်နှစ်မှ စတင်ကာ ဝင်ခွင့်စာမေးပွဲများပြုလုပ်ခဲ့ခြင်းကြောင့် မွေးမြူဆေးကုလောက
တိုးတက်နိုင်ရေး ကြိုးပမ်းမှုများကို မွေးဆေးတက္ကသိုလ်မှ ဆရာ/မများနှင့်
မွေးမြူဆေးကုလောက ပညာရှင်များ စိုးရိမ်စိတ်ဝင်ခဲ့ရပါသည်။ ကျောင်းသားအများစုမှာ
အမှတ်(၂၄၀)ကျော်ဖြင့် အကြောင်းအမျိုးမျိုးပြ ဝင်ခွင့်ရခဲ့ကြခြင်းကြောင့်
ဦးနှောက်ဥာဏ်ရည်ဥာဏ်သွေး အားနည်းမှုများရှိ၍ ဆရာ/မ များအနေဖြင့် ခက်ခဲစွာ
သင်ကြားရခြင်း၊ စာမလိုက်နိုင်ခြင်းနှင့်အတူ ၄င်းတို့၏အရည်အချင်းမဟုတ်သည့်
မိဘဂုဏ်ရှိန်ရာထူးကြီးတို့ဖြင့် ရိုင်းပျခြင်း၊ မောက်မာခြင်းများကြောင့်
ကျော်မကောင်းကြားမကောင်း သတင်းများပြန့်နှံ့ခြင်း၊ ဆရာမှန်းမသိ၊
မလေးစားဖြစ်ခြင်းနှင့်အတူ အထက်အကြီးအကဲများ၏ ထုချေလွှာများကို ရှောင်လွှဲနိုင်ရန် ဆရာ/မများမှ
အထက်ဖော်ပြပါ ကျောင်းသား/သူဆိုးများအား မအောင်မနေ အတန်းတင်ပေးနေရသည်များကို
ပြုပြင်သင့်ပါကြောင်း တင်ပြအပ်ပါသည်။(မှတ်ချက်- အမှတ်ကောင်း၍ စာလိုက်နိုင်သည့်
(သို့မဟုတ်) ကြိုးစားသည့် ကျောင်းသား/သူများအား မရည်ရွယ်ပါကြောင်း။)
အကြံပြုချက် -
(၁) ဝင်ခွင့်နှင့်သတ်မှတ်မှုကို
ပြုပြင်ရန်ခက်ခဲပါက တက္ကသိုလ်ဆရာ/မ များလုပ်ပိုင်ခွင့် နှင့်အညီ အကဲဖြတ်လျှို့ဝှက်
အမှတ်ကန့်သတ်ထားရှိခြင်း၊ (ဥပမာ- အမှတ် ၃၅၀ အထက်)
(၂) ဝင်ခွင့်ဦးရေကို
(တိရစ္ဆာန်ဆေးကုဆရာဝန်နှင့် တိရစ္ဆာန်ကောင်ရေယူနစ်အချိုးဖြင့် မဟုတ်ဘဲ အမှန် တကယ်
အသုံးချ လုပ်ကိုင်ခွင့်ပေးနိုင့်မည့် အလုပ်အကိုင် အခွင့်အလမ်းနှင့် အချိုးချ
တွက်ချက်သင့်သည်ဟု ယူဆမိ ပါသည်) ဌာန၊ ပုဂ္ဂလိက ခန့်ထားအသုံးပြုနိုင်မည့်
အချိုးအစားဖြင့် တွက်ချက်ခွင့်ပြုခြင်း၊
(၃) စာမေးပွဲကျရှုံးပါက
နောက်ဆက်တွဲဖြေရသည့် စနစ်တွင် ကန့်သတ်ချက်ထားရှိခြင်း၊ (ဥပမာ- နောက်ဆက်တွဲ
စာဖြေစနစ်ကို နှစ်ဘာသာ၊ သုံးဘာသာ သာခွင့်ပြုပေးသင့်ပြီး၊ ဘာသာစုံ(သို့) ဘာသာစုံ
နီးပါး ကျရှုံးခဲ့ပါက နှစ်ကျသတ်မှတ် နောက်ဆက်တွဲဖြေဆိုခွင့် ပိတ်ပင်ခြင်း)
မှတ်ချက်- ယခုလက်ရှိကာလ စာမေးပွဲကျစာရင်းအရ တစ်ပုဒ်ပေးတစ်ပုဒ်ဖြေဆိုရာတွင်ပင်
အကျများနေပြီး အထက်လူကြီးများမှလည်း စာမေးပွဲချသည်ကို ထုချေလွှာဖြင့်
ဖိနှိပ်နေသောကြောင့် ဆရာ/မ များ မအောင်မနေ အောင်မှတ်ပေးနေရ သည်ကို
လေ့လာသုံးသပ်သင့်ပါသည်။
(၄) ကျောင်းသား/သူများ
အဆင့်မြင့်တက်မြောက်စေရေးအတွက် လက်တွေ့ကျသော သင်ကြားမှု စနစ်များကို သက်ဆိုင်ရာ
ဌာနများ၊ ကုမ္ပဏီ၊ INGO အဖွဲ့အစည်းများမှ ပူးပေါင်းကူညီပေးသည်ကို တွေ့ရပါသော်လည်း ယခုအခြေအနေထက်
စည်းလုံးညီညွတ်စွာဖြင့် ပိုမိုလက်တွဲ ပံ့ပိုးပေးသင့်ပါသည်။
(၅) နိုင်ငံတကာမှ ပညာရှင်များကို
ရှေးယခင်ကာလများကကဲ့သို့ ဧည့်ပါမောက္ခ၊ ကထိကများခန့်ထား ပေးခြင်းဖြင့်
ကျောင်းသားများနှင့် ဌာနေ ဆရာ/မများမှ အတွေ့ကြုံကောင်းများ ရရှိသင်ယူ
အသုံးပြုနိုင်မည် ဖြစ်ပါသည်။
(၆) နိုင်ငံတကာပညာရှင်ငှားရမ်းအသုံးပြုရန်
ရန်ပုံငွေအခက်ခဲရှိပါက မွေးကု၊ မွေးစားနို့၊ ငါးလုပ်ငန်း နှင့် အခြားပြင်ပ
အဖွဲ့အစည်းများမှ သက်ဆိုင်ရာနယ်ပယ်အလိုက် ကျွမ်းကျင်ပညာရှင်များအား တက္ကသိုလ်မှ
ဆရာ/မများနှင့်ပူးတွဲ သင်ကြားစေခြင်း၊ နှုတ်ဖြေ (ဗိုက်ဗာ) ထိုင်ခြင်းဖြင့်
မွေးမြူဆေးကုလောက တိုးတက်ရေး ရေလောင်းပေါင်းသင် သင့်ပါကြောင်း တင်ပြအပ်ပါသည်။
(ခ) ဝန်ထမ်းရေးရာ
(ဆရာ/ဆရာမအပိုင်း)
တက္ကသိုလ်မှ ဆရာ/မ များသည် လူငယ်ကျောင်းသားများနှင့်အပြိုင် တက်ကြွလန်းဆမ်း၍
အမြှော်အမြင်ကြီးရန် လိုအပ်ပါသည်။ ထိုသို့ဖြစ်ပေါ်နိုင်စေရန် နိုင်ငံတကာ
တက္ကသိုလ်များနည်းတူ သုတေသနများ၊ စာတမ်းများ ရေးသားပြုစုခြင်း၊
ကြီးကြပ်ဆောင်ရွက်ခြင်းဖြင့် မွေး/ဆေးတက္ကသိုလ်ဆရာ/မ များသည် ဓါးသွေးကျောက်ကဲ့သို့
ပါးသွားခြင်း၊ သုံးမရဖြစ်ခြင်း မရှိဘဲ ဆီမီးတိုင်များပွါးယူသကဲ့သို့
ကျောင်းသားများအား အလင်းပေးရန် ကိုယ်တိုင်ထွန်းညှိခြင်း၊ သူတပါးအားထွန်းညှိစေခြင်းဖြင့်
အလင်းအား ကောင်းလာစေမည် ဖြစ်ပါသည်။
တက္ကသိုလ်မှ ဆရာ/မသည် ကျောင်းသား/သူများအား စာကိုသာသင်နေရုံဖြင့် မလုံလောက်ပဲ
ပညာပါ သင်ကြားသင့်ပါသည်။ ဆရာမအများစုသည် စာအုပ်ထဲပါသမျှ
ဖတ်ပြသင်ပြစစ်ဆေးနေခြင်းဖြင့် ကျောင်းသား/သူများ စိတ်ပါဝင်စားစွာ တတ်မြောက်နိုင်မည်မဟုတ်ဘဲ
အတွေးအခေါ်ပါ သင်ပြစစ်ဆေးရန် လိုအပ်နေသေးကြောင်း သုံးသပ်မိပါသည်။
ဆရာ/မအချို့ တာဝန်ကျေ စာသာသင်၍ ပညာပါမလာခြင်းအကြောင်းရင်းများမှာ စေတနာမပါ၍
မဟုတ်ဘဲ သတိမထားမိခြင်း(ဝါသနာစရိုက်စွဲလာခြင်း)၊ နှင့် နိုင်ငံတကာ
တက္ကသိုလ်များနည်းတူ ဆရာ/မများအား အကဲဖြတ်မှတ်တမ်းထား ရာထူးတိုးခံစားခွင့်ပေးခြင်း၊
အလုပ်မှဖယ်ရှားခြင်းများ မရှိခြင်းကြောင့် ဖြစ်နိုင်ပါသည်။
ထိုပြင် ဆရာ/မများအတွက် နိုင်ငံတော်မှ စားဝတ်နေရေး ဖူလုံ၍ လူတန်းစေ့
သုံးဆောင်ခံစားနိုင်ရန် ပံ့ပိုးကူညီရန် လိုအပ်မည် ဖြစ်ပါသည်။ သို့သော် ဌာနမှ
လစ်လပ်နေရာများဟု အကြောင်းပြ၍ ပါမောက္ခ (၂) နေရာကို ဝန်ကြီးရုံးသို့ တပ်မတော်မှ
ပြောင်းလာသူ (ဗိုလ်မှူး/ နှစ်သီးစား = တပ်မှ ပင်စင်အပါအဝင် ခံစားခွင့်နှင့်
အရပ်ဘက်ဌာနများမှ အဆင့်မြင့်ရာထူးလစာ နှစ်မျိုးစလုံး စားသုံးခံစားသူ)များ အတွက် ဖန်တီးနေရာ
ပေးမှုမျိုးသည် တက္ကသိုလ်မှ (၂) ယောက်ထက်ပိုသော ဆရာ/မများအတွက် အခွင့် အလမ်းအား အပိတ်ပင်အတားအဆီး
တစ်ခုဖြစ်၍ စိတ်မချမ်းသာ မတက်ကြွနိုင်မှုကို သိရှိနားလည် သင့်ပါသည်။
အကြံပြုချက်-
(၁) တက္ကသိုလ်မှ ဆရာ/မများ၏
ရာထူးနေရာအား ဆရာ/မ သင်ကြားမှုစနစ်၊ သုတေသနပြုလုပ်မှု၊ စာတမ်း ပြုစု ကြီးကြပ်နိုင်မှု
၊ အခြားပညာရှင်များဖိတ်ခေါ် ဆွေးနွေးပညာဖြန့်ဖြူးပေးနိုင်မှု၊ တက္ကသိုလ်
လှုပ်ရှားမှုများ တာဝန်ယူနိုင်မှု စသည့် နိုင်ငံတကာပညာရေး နည်းစနစ်များအတိုင်း
ထိန်းကျောင်းခန့်ထားတိုးပေးသင့် သည်ဟု ယူဆမိပါသည်။
(၂) ကျောင်းသား/သူများမှ
ဆရာ/မများ၏ သင်ယူမှုကို သုံးသပ်အမှတ်ပေးစနစ်များ ကျင့်သုံးသင့်ပါသည်။
(၃) ဆရာ/မများအတွက် လုံလောက်သောစားဝတ်နေရေးနှင့်
ရာထူးအလိုက် အဆောင်အရောင် ခံစားခွင့် များ မျှော်လင့်လုပ်ကိုင်နိုင်ရန် ပံ့ပိုးပေး
သင့်ပါသည်။
နိဂုံး
၎။ မွေးဆေးတက္ကသိုလ် တိုးတက်ရေးနှင့် မွေးမြူဆေးကုလောက
တိုးတက်ရေးအတွက် ထင်မြင် ယူဆချက်များကို တင်ပြခြင်းဖြစ်ပြီး ဖြည့်စွတ်ထုတ်ပယ်သင့်သည်များကို
အကြံပြုဆွေးနွေး၍ တာဝန်ရှိ၊ တာဝန်သိ ပုဂ္ဂိုလ်ကြီးများ၊ အရာရှိကြီးများမှ အရေးယူဆောင်ရွက်နိုင်ပါရန်
ဆန္ဒပြုအပ်ပါသည်။
လေးစားစွာဖြင့်-
မင်းသီရိ
<minthiyi@cooltoad.com>
(၃၀-၆-၂၀၁၂)
အမိတက္ကသိုလ်အတွက် ကျေးဇူးဆပ်ချင်သူများသို့
- ဒုတိယသမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ မွေးမြူဆေးကုလောက (သို့) တိရစ္ဆာန်ဆေးကုဆရာဝန် လောက ၏ ပြရုပ်ဖြစ်သော မွေး/ဆေး တက္ကသိုလ် (ယခင် တိမွေးကု)၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန တိုးတက်ရေး ပြုပြင်ပြောင်းလဲသင့်သည့် ယူဆချက်များအား ဌာနအတွင်း ဝန်ထမ်းများနှင့် အကြံပြုတင်ပြနိုင်ပါရန် မိမိတို့၏ အမြင်သဘောထားများကို ဖော်ပြပါအီးမေးလ်လိပ်စာသို့ (ဇော်ဂျီ/မြန်မာ-၃ ဖောင့်ဖြင့် ပူးတွဲဖိုင်တွဲ) ပေးပို့ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
- ပေးပို့သူ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထုတ်ဖော်ပေးမည် မဟုတ်ပါကြောင်း အစီရင်ခံအပ်ပါသည်။
- သဘောထားများဆန္ဒပြု တင်ပြခြင်းသည် မိမိတို့၏ တာဝန်ဟုသာခံယူထားပြီး အကောင် အထည်ဖော် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိသည် သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များ၏ စွမ်းဆောင်ရည်နှင့် ဆန္ဒအာသီသသာ ဖြစ်ပါကြောင်း ကြိုတင် အသိပေးအပ်ပါသည်။